သင်္ကေတများ

စစ်တလင်းဆိုမှတော့
ယမ်းငွေ့
ကျည်ခွံ
လောင်ကျွမ်းခံဘဝများနဲ့
ပြာပုံထဲကမျှော်လင့်ချက်များသာ
သင်္ကေတ အဖြစ် ။

စစ်ပွဲဆိုမှတော့
ဘယ်သူလွဲလွဲ
ကွဲခြင်းလွဲခြင်းရဲ့သရုပ်မှန်ကို
ဘယ်သူကဝန်ခံမှာလဲ
မောင်းတင်ထားတဲ့သေနတ်တွေ
ငြိမ်းချမ်းမှုကိုချိန်ရွယ်လျက်  ။

စစ်ကိုအမြစ်ပြတ်ဖို့
သတ္တိတွေရှိဖို့လိုတယ်
ငြိမ်းချမ်းရေးဆိုတာကလဲ
စကားတွေဓားလိုသွေးနေရုံနဲ့
သွေးတိတ်စေမဲ့ဆေးမြီးတိုမဖြစ်ဘူး  ။

အတ္တကိုဗဟိုပြုနေတဲ့စစ်မှာ
သွေး
မျက်ရည်နဲ့
ငတ်မွတ်ခေါင်းပါးခြင်းများဖူးပွင့်ဝေဆာ
နာကျင်သူတွေငြိမ်းချမ်းပါစေ
စစ်မြေပြင်တွေဆိတ်သုန်းပါစေ
အမုန်းတရားတွေကင်းဝေးပါစေ
ချစ်ခြင်းဖြင့်စိမ်းလန်းနိုင်ပါစေ ။       ။


                                       အဇ္ဇ


Comments

Popular Posts