အရူးနှုတ်ကပါတ်တော်များဖူးပွင့်နေတဲ့ကဗျာ


ဒုက္ခဆိုတာက ငါ့ဆီကိုတည့်တည့်မတ်မတ်တိုးဝင်လာတဲ့
နတ်ဆိုးကျိန်စာတခုလို
ဒုက္ခနဲ့ဖက်လှဲတကင်းဖြစ်ဖို့ကိုပဲ  ကြိုဆိုပုံကဆန်းပြားလှ
ညကညကိုအိပ်မက်ထဲမှာတွေ့ခဲ့ဖူးတာသေချာမှ
ဘဝဆိုတာ  ခြောက်ပြစ်ကင်းသဲလဲစင်မျက်နှာနဲ့
လူတွေအကြောင်းကို  ဂဏန်းပေါင်းကြည့်ခိုင်းတဲ့အခါ
ငါနဲ့ငါ့ရဲ့အကြောင်းက  သုညထက်တန်ဖိုးတက်မလာခဲ့
အဲဒီနေ့က  ရေးခဲ့တဲ့ကဗျာဟာ
သူရူးတယောက်ရဲ့  နှုတ်ကပါတ်တော်ဖြစ်ချင်လည်းဖြစ်နေမယ်ဆိုတာ  ပြောပြဖို့
ငါ့နှုတ်ကို  မာနတ်ကဝင်စီးပြီးဆွံ့အစေခဲ့တယ်
ခြေလှမ်းတိုင်းရဲ့အကွာအဝေးဟာ စိတ်ရဲ့
အနေအထားအရ  အစိတ်အကျဲမတူညီတဲ့
ထရံပေါက်ကတိုးထွက်လာတဲ့နေခြည်အစက်အပြောက်
တံစက်မြိတ်က  စီးကျလာတဲ့မိုးရေစက်တွေနဲ့ပမာပြုပြီး
ငါ့အရှေ့မှာပြေးနေတဲ့  အဇ္ဈတ္တများ
အနောက်ဖက်  ကောင်းကင်ထဲကတိမ်ညိုတွေမပြိုခင်
ယာတဲအိမ်ကလေး  ပြုပြင်ဖို့စိတ်စောနေတဲ့ခဏတာ
ဇရာဆိုတာရဲ့အစကိုပြန်သွားဖို့  ကားမမီလိုက်ဘူး
လူတွေရှုပ်ထွေးလွန်းတဲ့လမ်းမထက်မှာ
အတိမ်အနက်မညီတဲ့ခြေရာများရဲ့သရုပ်မှန်ကို
ငါ  မတွေ့ရှိခဲ့တဲ့  ညဦးယံများဟာလဲ
ပုလင်းထဲပြန်သွန်ချသွားတဲ့ကောင်းကင်ကို
ကြိမ်းမောင်းအပြစ်တင်နေတဲ့  အရက်ဆိုင်မှာ
ကဗျာဆရာတွေ  ခောတ်ကိုလုနေကြတယ်
မျက်မြင်သက်သေဆိုလို့ ငါနဲ့လက်ထဲကပုလင်းလွတ်တလုံး
ခါးကြားက  ဖိနပ်တရံသာတိတ်ဆိတ်နေတဲ့
ခြံတံခါးဝမှာ  ဘူးကွယ်ငြင်းဆန်နေခဲ့ပေါ့
ပြသနာက သတင်းစာပုံမှန်မရောက်တဲ့မြို့ကို
အလည်အပတ်ရောက်ရှိနေတဲ့  ကောလဟာလကစတယ်
ငါနဲ့ငါ့အကြောင်းကို  ပြောပြမယ်ဆိုတဲ့
အဲဒီကဗျာတပုဒ်  အမှိုက်ခြင်းထဲရောက်သွားကတည်းက
ဘဝဆိုတာ  မီးပျက်နေတဲ့အမှောင်ကိုခုံမင်စွဲလန်းနေတာ
ဘယ်လိုအစပြုရမယ်မသိတဲ့ဝတ္ထုဇာတ်လမ်းထဲမှာ
ငါဟာ ဗီလိန်ဖြစ်ချင်နေခဲ့တယ်
ဘယ်ညာယိုင်နေတဲ့ခြေလှမ်းနဲ့အိမ်ပြန်ချိန်ဟာ
လောကကြီးမတရားဘူး  ဆိုတဲ့စကားနဲ့အဆုံးသတ်ဖို့
လက်မြှောက်  ခြေမြှောက်  လမ်းကိုရွေးထားတယ်
ကဲ  လက်ခုပ်သံလေးချီးမြှင့်ပေးကြပါဦး
အရူးထက်တမူးသာဖို့အရူးကိုပုခုံးဖက်နေတဲ့သူကို
အဲဒီနေ့ကရေးတဲ့ ကဗျာဟာ
အရူးတယောက်ရဲ့နှုတ်ကပါတ်တော်ဖြစ်ကြောင်း
သိသာထင်ရှားစေတဲ့  နိမိတ်ပုံဆိုတာ
ပြောပြဖို့ခက်နေတဲ့လူတယောက်နဲ့
အရေးတယူ  စကားလက်ဆုံကျခဲ့တဲ့အကြောင်း
တနင်္ဂနွေမရောက်ခင်
မအားလပ်ရက်တွေရဲ့  ညည်းညူနေတဲ့စိတ်တွေကို
ဆေးကျောပစ်ဖို့  မီးခြစ်ဝယ်ယူသွားတယ်ဆိုတာ
အားလုံးသိအောင်  ရပ်ကွက်ထဲလှည့်ပတ်ဆဲခဲ့တယ်
မနက်ဖြန်ကို  ဘယ်လိုမျက်ချင်းဆိုင်ရမလဲဆိုတာ
အိပ်မက်ပေးဖို့  ဒီညကိုစတေးထားတယ် ။        ။


                                            အဇ္ဇ

Comments

Popular Posts