ဂျင်းဘောင်းဘီဝတ်လူငယ်
ဇာတ်သိမ်းခန်း မရှိဘဲ ကွဲနေသော အသည်းမှာ
ကိုယ်ရောင်ကိုယ်ဝါ ထည်ဝါလွန်း
အ၀ါရောင် နေ့ခင်း အရှည်ကြီးထဲမှာ
လေပြင်းများ စွမ်းစွမ်းတမံ ထန်လို့
ခြေဖျားကအစ လောင်နေသော မီးများနဲ့ ယိမ်းထိုး
အိတ်ကပ်ထဲမှာ အိမ်ပြန်ချင်စိတ်ဟာ ၁၀၀
ကျွန်တော့်ရုပ်ရည်ဟာ
ကျွန်တော့်အိမ်နဲ့သာ အလိုက်ဖက်ဆုံးလို့
ပြန်လည်အမွှမ်းတင်
ကျွန်တော့်ချစ်သူဟာ
ကျွန်တော့်ထက် အရပ်နိမ့်သော်လည်း
ပင်လယ်ထက် အရပ်မြင့်တဲ့သူပဲလို့ ထင်မှား
အဲဒီလို သံသယတွေက
လမ်းခုလတ်က ဆွဲလား ရမ်းလား
ကျွန်တော် မပြီးသေးပါ
မေးခွန်းကိုကိုင် ဖတ်လက်စ တန်းလန်း
ကနေရင်း သီချင်းအဆုံးခံလိုက်ရတဲ့
ကချေသည်ရဲ့ လက်ဆစ်ခြေဆစ်များ တန်းလန်း
ကျွန်တော်မပြီးသေးပါ
မှန်ကွဲစလေးများ တစ်ရွာဝင် တစ်ရွာထွက် စုဆောင်း
လူ့ဘောင် လူ့လောကကြီးရဲ့ ပကတိ ရုပ်သွင်မှာ
ဟောဒီမှာပါ ခင်ဗျား
အပီအပြင် ရွတ်ဆိုပြခဲ့ချင် ဆန္ဒ သွေးသားနဲ့
ကျွန်တော် မပြီးသေးပါ
သူငယ်ချင်းရေ . . .
အကောင်းပကတိ နောက်ဆုတ်သွားဖို့ရာ
ဖြစ်နိုင်ခြေက နည်းပါး
ငါ့မှာက ဂျင်းဘောင်းဘီ အသစ်နဲ့။ ။
ခရမ်းပြာထက်လူ
ငါတို့လူငယ်ဘ၀ ကဗျာစာအုပ်မှ
Comments
Post a Comment