`` အမြဲစိမ်း  ဖတ်စာ´´

မြို့ပြက  အသက်ကြီးပေမဲ့
ဆံပင်မဖြူဘူး ။

လည်သူစားသီအိုရီနဲ့  ဝင်ငွေကိုလည်ပတ်စီးဆင်းနေခဲ့တဲ့
မြို့ပြဆိုတာ  လက်သည်းဝှက်ပြီး
ခြေသံလည်းလုံတယ် ။

လူမှုကွန်ယက်ပေါ် အပြေးတပိုင်းနဲ့
ခါတော်မီ ဂရုဏာရှင်များစွာ စုပ်တသပ်သပ်
မြို့ပြရဲ့အမဲလိုက်ဂီတကို ပျော်ဝင်နိုင်ဖို့
ခြေဖဝါးတွေ  အားပိုစိုက်ခဲ့ရတာ
သင်ခန်းစာတခုထက်မက  ကျက်မှတ်ထားရင်
နေထိုင်မှုက  သက်တောင့်သက်သာ ။

ဘဝ  ခက်ခဲကြောင်း  မြို့ပြကသင်တယ်
စားနပ်ရိက္ခာ ရှားပါးကြောင်း  မြို့ပြကပြောတယ်
ပိုက်ဆံ တန်ဖိုးရှိပုံနဲ့ ငွေဖောင်းပွမှုကို
မြို့ပြမှာ  သိ  နိုင်  တယ် ။

အမြင်မတူမှုနဲ့ အမြင့်မတူခြင်းအကြောင်း
စာလုံးပေါင်းပြနိုင်တဲ့  မြို့ပြမှာ
သတ္တိနည်းရင်…
အိနြေ္ဒကြီးပြီး  ရှက်ကြောက်နေရင်…
မြို့ပြကို  ဘာသာမပြန်နိုင်ဘူး ။

ဘာသာဗေဒပေါင်းများစွာနဲ့ လွန်းယှက်ထားတဲ့
မြို့ပြလူနေမှုမှာ  အရောင်တလက်လက်အတ္တများ
အသွားထက်ထက် စကားလုံးတွေ ပေါက်ရောက်ရှင်သန် နေတဲ့
မြို့ပြဟာ  အမြဲစိမ်း  ဖတ်စာတအုပ် ။  ။

                                              အဇ္ဇ

Comments

Popular Posts