ကဗျာဓာတ်
_______________(ဇေယျာလင်း)
‘ကဗျာဓါတ်’ ဆိုတာ ရှင်းရခက်၊ ပြောရခက်တဲ့ အသုံးအနှုံးဖြစ်ပါတယ်။ ‘ဓါတ်’ ဆိုတဲ့ စကားလုံးဟာ ‘အနှစ်သာရ’ ၊ ‘အရည်အသွေး’ လို့ အဓိပ္ပါယ်ရတဲ့အတွက် ‘ကဗျာရဲ့ အနှစ်သာရ’ ၊ ‘ကဗျာရဲ့အရည်အသွေး’ လို့ ယူလို့ရပါတယ်။ ဒီလိုယူရင် အခြေခံအနှစ်သာရ essentialist ရှုထောင့်ဖက်ရောက်ကောင်း ရောက် သွားနိုင်ပါတယ်။ ‘ကဗျာဓါတ်’ လို့ သုံးစွဲတဲ့ နေရာမှာ စိတ်ပိုင်းဆိုင်ရာနဲ့လည်း ပတ်သက်နေပါတယ်။ ထူးခြားတဲ့ တန်ခိုးရှိတဲ့ အာရုံခံစားမှုမျိုးဖြစ်ပါတယ်။ ကျောချမ်းသွားသလို၊ ငယ်ထိပ်မှာ ပူထူသွားသလို ရုပ်ပိုင်းအားဖြင့် တွေ့ကြုံခံစားရတဲ့ အစွမ်းသတ္တိတစ်မျိုး ဖြစ်ပါတယ်။ ဆရာ ဇော်ဇော်အောင် ပြောခဲ့တဲ့ မဟာ သန္တရသ sublime ကို ကျွန်တော်သိပ်နားမလည်သေးပေမယ့် ကြည်နူးနှစ်သက်မှု၊ အံ့သြဆန်းကြယ်မှု၊ ကျေနပ်အားရမှုတို့ကို ခံစားရတာတော့ အမှန်ပါပဲ။ ဒီအာရုံခံစားမှုဟာ ထိုးထွင်းသိ intuitive ၊ ဇာတိစိတ်နဲ့ သိ instinctive နဲ့ ရုပ်လွန် metaphysical သဘောလည်း သက်ရောက်ပါတယ်။
ဒီ ‘ကဗျာဓါတ်’ ကိစ္စကို ရှေးအိန္ဒိယ ကဗျာဘာရသ ကျမ်းတွေ၊ ရီတိဂိုဏ်း၊ ရသဂိုဏ်း၊ ဂုဏ်ဂိုဏ်း၊ ဓွာနိဂိုဏ်း ၊ စတဲ့ ဂိုဏ်းတွေရဲ့ ကျမ်းတွေမှာ လည်း ပါရှိကောင်း ပါရှိမှာပါပဲ။ (ဇော်မင်းဦး၊ ၂၀၁၇)။ အနောက်တိုင်း ဒဿန ပညာရှင်တွေဖြစ်ကြတဲ့ Kant ၊ Baumgarter ၊ Schlegel ညီအကို၊ Hegel ၊ Heidegger ၊ Schaupenhauer ၊ Witgenstein ၊ စသူတို့ရဲ့ Aesthetics ဆိုင်ရာ ကျမ်းတွေမှာလည်း ပါရှိမှာပါပဲ။ ဒီ ‘ကဗျာဓါတ်’ ကို ကဗျာရေးသူလည်းဖြစ်၊ ဖတ်သူလည်းဖြစ်တဲ့ ကျွန်တော် ကိုယ်တိုင် အကြိမ်ကြိမ်ခံစားရတဲ့ အတွက် ဒီ ထူးခြားတဲ့ အာရုံခံစားမှုကို သိချင်လို့ စူးစမ်းလေ့လာ ထားတာလေးကိုပဲ ဖောက်သည်ချချင် ပါတယ်။ ကျွန်တော့်ရဲ့ ချဉ်းကပ်မှုကတော့ ရိုးပါတယ်။ ကဗျာရေးသူ ရှုထောင့်၊ ကဗျာပုဒ် ရှုထောင့်နဲ့ ကဗျာဖတ်သူ ရှုထောင့် တို့ကနေ တင်ပြမှာ ဖြစ်ပါတယ်။ ဒါတောင် အချိန်ကြောင့်နဲ့ အခြေအနေကြောင့် အပေါ်ယံဆန်ဆန်လောက်ပဲ တင်ပြနိုင်မှာ ဖြစ်ပါတယ်။
‘ကဗျာဓါတ်’ နဲ့ ပတ်သက်ရင် ကဗျာရေးသူဖက်က အဓိကထားပြောကြတာတွေ ရှိပါတယ်။ ဒါဟာလည်း တွေးလေ့တွေးထလို ဖြစ်နေပါပြီ။ ကဗျာရေးသူမှာ ကဗျာဓါတ်ရရှိပြီး အဲဒီကဗျာဓါတ်နဲ့ ကဗျာ ရေးခြင်းဖြစ်တယ် ဆိုတဲ့ သဘောပါ။ ဒီ ‘ကဗျာဓါတ်’ ဆိုတာ ကဗျာရေးသူကို ကဗျာရေးဖို့ လှုံ့ဆော်ပြီး အထမြောက်အောင် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ဒီ ‘ကဗျာဓါတ်’ ဟာ ကဗျာရေးသူရဲ့ စိတ်ထဲပေါ်တဲ့ အာရုံ၊ အာရုံခံစားမှု၊ အတွေးတစ်ခုခုဖြစ်ပြီး အဲဒီ ‘ကဗျာဓါတ်’ ဟာလည်း လုပ်ယူလို့မရတဲ့ အရာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ‘ကဗျာဓါတ်’ ဟာ ကဗျာရေးသူမှာ မှော်ဝင်စေးကပ်မှုမရှိရင် ဘာကဗျာမှ မရေးနိုင်ဘူး။ ‘ကဗျာဓါတ်’ ကို လုပ်ယူလို့ မရတဲ့အတွက် အဲဒီ ‘ကဗျာဓါတ်’ မကပ်ရင် ဘာမှ ရေးလို့မရဘူး၊ လုပ်ရေးရင်လည်း မသန့်စင်တဲ့ အရာတစ်ခုပဲ ရတတ်ပါတယ်။ တနည်းအားဖြင့် သုံးသပ်ရရင် ဒီ ကဗျာရေးသူရဲ့ ‘ကဗျာဓါတ်’ ဟာ ဈာန်ဝင်စားမှု inspiration ၊ စိတ်ကူးဖြန့်ကျက်မှု imagination တို့ နဲ့ ပတ်သက်နေပြီး ကဗျာဆရာမှာ အရင်ဆုံး ကဗျာ အကျိုးသက်ရောက်မှု Poetic effect ၊ ကဗျာတွေ့ကြုံ ခံစားမှု Poetic experience နဲ့ ကဗျာအတွေး Poetic thought တို့ကို ၃ ခုစလုံး မဟုတ်ရင် တစ်ခုခုကို ဖြစ်စေပြီး အဲဒါဟာ ကဗျာပုဒ်ကိုရေးဖို့ အကြောင်းအရာရဲ့ မူလအရင်းခံ တွန်းအားဖြစ်ပါတယ်။ ရေးနေစဉ် မှာလည်း ဒီ ‘ကဗျာဓါတ်’ ရဲ့ စွမ်းအားဟာ ဆက်တည်ရှိနေဖို့ လိုပါတယ်။ အဲဒီ ရေးဖွဲ့မှု ဖြစ်စဉ်မှာ အကြောင်း တစ်ခုခုကြောင့် ဒီ ‘ကဗျာဓါတ်’ ပျောက်သွားရင် ရေးလက်စကဗျာကို ဘေးချရင်ချ၊ မချရင် သိမှု တတ်မှုနဲ့ ကဗျာပုဒ် တစ်ခုခုတော့ ပြုလုပ်လိုက်ရတာပါပဲ။ ကဗျာရေးဖို့ ပေါ်လာပြီး ရေးနေတုန်းမှာလည်း သက်ရောက်မှု ဆက်ရှိနေစေဖို့လိုပါတယ်။ ‘ကဗျာဓါတ်’ ဟာ ဘယ်ကလာသလဲ။ ဆင်ခြင်ယုတ္တိက လာတာ မဟုတ်တာတော့ သေချာပါတယ်။ ဆင်ခြင်ယုတ္တိနဲ့ လုပ်ယူလို့မရပါဘူး။ ‘ကဗျာဓါတ်’ ၀င်လာလို့ လိုက်ရေးတဲ့ ကဗျာတစ်ပုဒ်နဲ့ ‘ကဗျာဓါတ်’ မပါဘဲ ရေးတဲ့ ကဗျာတစ်ပုဒ်တို့ကို ယှဉ်ကြည့်ရင် ဘာမှန်းမသိရတဲ့ ၊ ဒါပေမယ့် အာရုံခံစားမှုနဲ့ သိနိုင်တဲ့၊ ကွဲပြားခြားနားမှုတော့ ရှိပါတယ်။ The Harper Handbook to Literature (1985) မှာ Northrop Frye က ‘ ကဗျာဟာ ကဗျာဆရာရဲ့ မသိစိတ်ထဲက အာရုံရုပ်တွေပေါ်လာခြင်းကစတယ်။ ဒီအာရုံရုပ်တွေကို တိကျတဲ့ သင်္ကေတတွေ၊ တိကျတဲ့ ဖွဲ့ထုံးတွေ ဖြစ်လာအောင် ဘာသာစကားကို သုံးစွဲရတာဖြစ်ပြီး စိတ်ကူးဥာဏ်နဲ့ ကဗျာပုဒ်ရဲ့ အဆောက်အအုံကို တည်ဆောက်ရတာဖြစ်တယ်။ ဒီကဗျာပုဒ်ကို ကဗျာဆရာက တည်ဆောက်ဖွဲ့စည်းမှု မပြုရခင်မှာ ရေးရေးလေးသာ မြင်ရတာဖြစ်ပြီး အဲဒီရေးရေးလေးကို အကောင်အထည်ဖော်ရတာဖြစ်တယ်’ လို့ ဆိုပါတယ်။ Frye ရဲ့ အဆိုအရ ‘ကဗျာဓါတ်’ ဟာ မသိစိတ်က လာတယ်လို့ဆိုပါတယ်။ ‘မသိစိတ်’ ဆိုတာကလည်း ဆင်ခြင်ယုတ္တိနဲ့ ပကတိဖြစ်ပျက်နေမှုကို သိလည်းသိ၊ တွေးတော၊ ဆင်ခြင်၊ စိတ်ကူးခြင်းတို့နဲ့လည်း ဆိုင်တဲ့ ‘သိစိတ်’ ရဲ့ ဆန့်ကျင်ဘက်ပါ။ ‘သိစိတ်’ ရဲ့ ‘သိမှုသညာ’ တွေနဲ့ သိလို့မရတဲ့၊ စိတ်ထဲမြုပ်နေတဲ့ နက်ရှိုင်းတဲ့ အလွှာအပိုင်းဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဒီ ‘ကဗျာဓါတ်’ ကို ‘မှော်ဓါတ်’ လို့လည်း ပြောဆိုတတ်ကြပါတယ်။
ကဗျာတစ်ပုဒ်ရရှိဖို့ ‘ကဗျာဓါတ်’ ရဲ့ စွမ်းအားသတ္တိပေါ်လည်း မူတည်ပါသေးတယ်။ ကဗျာပုဒ်ကို ဘာသာစကားနဲ့ ရေးသားပြီး အဆောက်အအုံပုံသဏ္ဍန်တစ်ခုအဖြစ် ဖွဲ့စည်းယူရတာလည်း ဖြစ်ပါတယ်။ ‘ကဗျာဓါတ်’ စွမ်းအားမြင့်နေရင် မူလအမြုတေကအစ ဖွဲ့စည်းမှုတစ်ခုလုံးအထိ ပြီးဆုံးသွားစေတာ ဖြစ်သလို ရေးသားဖွဲ့စည်းနေစဉ်မှာ မှေးမှိန်ကွယ်ပျောက်သွားတာ ရှိသလို သာသာစကား (၀ါ) စကားလုံးတွေ ရဲ့ ပင်ကိုယ်သဘောအားဖြင့် မူလအာရုံထဲ မပါရှိတာတွေကို ဆက်စပ်ပေါ်လာ စေတာလည်း ဖြစ်ပါတယ်။ မထင်မှတ်တဲ့ အတွဲအချိတ်တွေကြောင့် မထင်မှတ်တဲ့ အာရုံ၊ အတွေးထပ်ရပြီး အဲဒီနောက် လိုက်သွားရတာလည်း ရှိပါတယ်။ အဲသလိုဖြစ်ခဲ့ရင် မူလအာရုံဘက်ပြန်စွဲယူမလား၊ အလိုက်သင့် လိုက်မျောရမလား ဆိုတာလည်း ရွေးချယ်ရတဲ့ အပိုင်းဖြစ်ပါတယ်။ ရေးနေစဉ် (၀ါ) ကဗျာပုဒ် ရေးသားဖွဲ့စည်းတည်ဆောက် နေစဉ်မှာ ဖြစ်ပါတယ်။ ရေးသား ဖွဲ့စည်းမှုဖြစ်စဉ် creative process နဲ့လည်း ဆိုင်ပါတယ်။ ဒီနေရာမှာလည်း ဆင်ခြင်သိမှုနဲ့ ၀င်ကပ်မလား၊ ဆင်ခြင်သိမှုကို ခဏဘေးဖယ်ထားပြီး စီးမျောတဲ့ စိတ်အာရုံအတိုင်း လိုက်ရမလားဆိုတာ ရှိပါတယ်။ အဲဒီတော့ ‘ကဗျာဓါတ်’ နဲ့ ဖန်တီးမှုဖြစ်စဉ်ဟာ ဆက်နွယ်နေတာဖြစ်တယ်လို့ ပြောလို့ရပါတယ်။
ကဗျာပုဒ်ကို ရေးသားဖွဲ့စည်းပြုလုပ်ရတာ ဖြစ်တယ်ဆိုတဲ့ ကိစ္စမှာ ရုရှပုံသဏ္ဍာန်ဝါဒ Russian Formalism အကြောင်းပါရပါတော့တယ်။ ၂၀ ရာစုရဲ့ ပထမဆယ်စု တစ်ခု နှစ်ခု လောက်မှာ စတင်ပေါ်ပေါက် ခဲ့တဲ့ ဒီဝါဒဟာ စာပေကို သိပ္ပံနည်းကျလေ့လာ ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ သိပံ္ပနည်းကျ လေ့လာဖော်ထုတ်လိုတဲ့ အတွက် လက်တွေ့ပြသ ပြောဆိုနိုင်တာတွေကိုပဲ ဦးစားပေးလာ ခဲ့တဲ့ အတွက် စာသား text ပေါ်မှာပဲ အခြေပြုခဲ့တာ ဖြစ်ပါတယ်။ စာသားရဲ့ ပြင်ပကိစ္စတွေဖြစ်တဲ့ ကဗျာဆရာရဲ့ ‘ကဗျာဓါတ်’ တို့၊ သမိုင်းတို့၊ လူမှုဖြစ်စဉ်တို့ကို ဘေးဖယ်လိုက်ပြီး ရေးဖွဲ့ပြုလုပ်ထားတဲ့ စာသားကိုပဲ အထူးပြုတာ ဖြစ်ပါတယ်။ သူတို့ရှာဖွေဖော်ထုတ်ခဲ့တာဟာလည်း စာပေ literature ဆိုတာထက် စာသား တစခုရဲ့ စာပေ အရာဝင်မှု၊ စာပေမြောက်မှု literariness ဖြစ်ပါတယ်။ စာသားတစ်ခုကို ဘာတွေက စာပေ အရာမြောက်စေသလဲ။ စီတွဲထားတဲ့ စကားလုံး အစုအဝေးကို ‘ကဗျာ’ လို့ ဘာကြောင့် ခေါ်နိုင်သလဲ။ ပုံသဏ္ဍာန်ဝါဒီ ဆရာကြီးတွေ ဖြစ်ကြတဲ့ Mukarovsky က စာပေမြောက်မှုကို စံဘာသာစကားနဲ့ စံသွေ ဘာသာစကား တို့ရဲ့ ကွဲပြားခြားနားမှုလို့ မြင်ခဲ့သလို Shklovsky ကလည်း စာပေအနုပညာသုံး ပစ္စည်းတွေ သုံးခြင်း၊ မသုံးခြင်းကြောင့်လို့ မြင်ခဲ့ပါတယ်။ Shklovsky ဟာ အနုပညာကို အနုပညာသုံး ပစ္စည်းတွေနဲ့ ထပ်ထူပြောခဲ့တာ ရှိပါတယ်။ Art as Device ဖြစ်ပါတယ်။ စာပေသုံး ပစ္စည်းတွေကို သုံးစွဲတဲ့ ဘာသာစကားကို ကဗျာစကား Poetic Language လို့လည်း ပြောခဲ့ပြီး ကဗျာဘာသာစကားမှာ ကဗျာ စာပေ အနုပညာသုံး ပစ္စည်းတွေပါရှိပြီး အဲဒီပစ္စည်းတွေသုံးစွဲရင် ကဗျာဘာသာစကား ဖြစ်သွားပါတယ်။ အဲဒီတော့ ကဗျာဟာ ကဗျာဘာသာစကားနဲ့ ဖွဲ့စည်းထားတဲ့ စာသားဖြစ်ပြီး ကဗျာပုဒ်မှာ ကဗျာ ဘာသာစကားကို တွေ့ရမှာ ဖြစ်ပါတယ်။ (Mukarovsky, 1932; Bartling, 2015)
Defamiliarization ဆိုတဲ့ ‘စိမ်းအောင် ဆန်းအောင်’ လုပ်ခြင်း ဆိုတာဟာလည်း ပုံသဏ္ဍာန်ဝါဒရဲ့ အရေးပါတဲ့ အကြောင်းကိစ္စဖြစ်ပါတယ်။ အနုပညာရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းဆောင်တာဟာလည်း တွေ့ဖန်များလို့ သေနေတဲ့ အမြင်တွေကို ပြန်ရှင်သန်၊ ပြန်လန်းထလာအောင် သိပြီးသား ရှိပြီးသား မြင်ပြီးသားတွေကို လှုပ်ခါ လှုပ်ခတ်ရတာ ဖြစ်တယ်။ အဲဒီအတွက် စိမ်းအောင် ဆန်းအောင် လုပ်ရတယ်။ အဲသလို လုပ်ဖို့ နည်းနာ တက္ကနိတွေ၊ ဖွဲ့စည်းမှု ပုံစံတွေလိုတယ်။ ဒါဟာလည်း ‘စံ’ အဖြစ် သတ်မှတ်ပြီး အဲဒီ ဘောင်ထဲ ရောက်ရှိသွားခြင်းကနေ ထွက်လာနိုင်ဖို့ စံသွေမှုပြုလုပ်ရတာ ဖြစ်ပါတယ်။ Making strange လုပ်ရတာ ဖြစ်ပါတယ်။ အခြေခိုင်ပြီးသား အတ္ထဗေဒ (၀ါ) အဓိပ္ပါယ်ပြုမှုဆိုင်ရာ ၀ိဘာဂတွေကို ပြန်သုံးသပ်ပြီး အရွှေ့အပြောင်း ပြုလုပ်ခြင်းဖြစ်ပါတယ်။ Formalism ရဲ့ နောက်ထပ်အရေးပါတဲ့ Foregrounding ဆိုတာဟာလည်း စာသားတစ်ပုဒ်ထဲမှာ စံဘာသာစကား နောက်ခံကနေ ကဗျာဘာသာစကားကို ရှေ့တန်းပေါ်ထွက်လာအောင် လုပ်ခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း ကဗျာရဲ့ လက္ခဏာ တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
စိမ်းအောင် ဆန်းအောင်လုပ်ခြင်း ဟာ estrangement ဆိုတာနဲ့လည်း ဆိုင်ပါတယ်။ ရင်းနှီးရာကနေ စိမ်းသွားတာ၊ ရင်းနှီးတာကို စိမ်းအောင် လုပ်ရတာ ဖြစ်ပါတယ်။ စာသားတစ်ပုဒ်ကို ကဗျာစာသားဖြစ်စေတဲ့ အရည်အသွေးလည်း ဖြစ်ပါတယ်။ ကာလ၊ ဒေသ၊ စိတ္တဆိုင်ရာ စံသွေခြင်း၊ သွေလွဲခြင်းကို ဆိုလိုပါတယ်။ အဲသလို သွေလွဲခြင်း မရှိရင် အဆိုပါ ကဗျာတစ်ပုဒ်ရဲ့ ကဗျာအရည်အသွေးဟာ အားနည်းနေတတ်ပါတယ်။ အဲဒီသွေလွဲမှုကို ပုံသဏ္ဍာန်ဖွဲ့စည်းမှု အဆင့်မှာ ပြုလုပ်လို့ ရပါတယ်။ အကြောင်းအရာ အဆင့်မှာလည်း သွေလွဲအောင် လုပ်လို့ရပါတယ်။ သိရှိထားမှု အနေအထားကနေ မသိရှိသေးမှုဆီ ဦးတည် နေခြင်းဖြစ်ပါတယ်။ Transgression လို့လည်း သုံးပါတယ်။ အတ္ထဗေဒ နယ်ပယ်တွေကြား စည်းဖောက်ကျော်လွှားခြင်း။ နီးစပ်တဲ့ ၊ သိရှိပြီးတဲ့ ၊ လက်ခံပြီးတဲ့ နယ်နဲ့ ဝေးလှမ်းတဲ့၊ မသိရှိရသေးတဲ့ ၊ လက်မခံနိုင်သေးတဲ့ နယ်ပယ်တို့ရဲ့ စည်း။ စည်းရဲ့ ဒီဘက်ကနေ ဟိုဘက်ထဲ ၀င်ရောက်ရတာ။
ပြင်သစ်ကဗျာဆရာ ဘိုဒလဲ(ရ်) ရဲ့ စကားပြေ ကဗျာတွေရဲ့ ကဗျာဖြစ်မှုကို ဘူလ်ဂေးရီးယား - ပြင်သစ် သမိုင်းပညာရှင်၊ ဒဿန ပညာရှင်၊ စာပေဝေဖန်ရေးဆရာ တိုဒိုရောဗ့်က အချက် ၃ ချက်နဲ့ ပြခဲ့ပါတယ်။ implausibility၊ မဖြစ်နိုင်စရာ၊ မယုံနိုင်စရာ၊ ယုတ္တိမတန်ရာ၊ ဆန်းကြယ်ရာ၊ နေ့စဉ်ပုံမှန် ကိစ္စမဟုတ်ရာ၊ ambivalance ၊ မတင်မကျဖြစ်ရာ၊ ဒွိဟဖြစ်ရာ၊ အမြင်မှန် နဲ့ အသွင်သဏ္ဍန် ပိုင်းဖြတ်လို့မရရာ၊ antithesis ၊ ပဋိဖြစ်မှု၊ ၀ိရောဓိ ၂ ခု ယှဉ်တွဲမှု။ ဒီအချက် ၃ ချက်ဟာ အကျိုးသက်ရောက်မှု လို့ယူရင် အဲသလို အကျိုး သက်ရောက်မှု ဖြစ်စေတဲ့ ဖွဲ့စည်းမှု နည်းနာ တက္ကနိတွေ ရှိကြလို့ပဲ ဖြစ်ပါတယ်။ (Todorov, 1990)
ပြီး၊ စကားလုံးတွေရဲ့ ညွှန်းလေ့ညွှန်းထအညွှန်းခံတို့နောက်ကွယ်မှာ ယဉ်ကျေးမှု အနက်ပွားမှုတွေ၊ လူမှုဝန်းကျင်အနက်ဂယက်တွေရှိသလိုပြောလို့မရတဲ့တိတ်ဆိတ်နေမှုတွေ၊အဓိပ္ပာယ်ကွက်လပ်တွေလည်းရှိကြပါတယ်။ အာရုံ/ ဂယက်အနက် ခုန်ကူးချိတ်ဆက်မှု association တွေ ရှိကြပါတယ်။
နည်းနာပိုင်းမှာ ထပ်ကြော့ပုံစံ Repetition ၊ အပြိုင်စနစ် Parallelism ၊ အလင်္ကာ Figures of Speech ၊ ယှဉ်တွဲချိတ်ဆက်မှု Juxtaposition ၊ နမိတ်ပုံ image ၊ သင်္ကေတ Symbol ၊ ယုတ္တိမဲ့ချိတ်တွဲမှု disjunction ၊ မယှဉ်တွဲအပ်တာတွေ ယှဉ်တွဲမှု catachresis ၊ အပိုင်းအစတွေကို ချိတ်ဆွဲပြီး မှန်ကူကွက်ပုံစံရေးဖွဲ့မှု collage ၊ ဆင်ခြင်ယုတ္တိမဲ့ဝါကျများ anomalous sentences ၊ အဆက်အစပ်ဖြတ်တောက်မှု discontinuity ၊ အပိတ်စနစ်မဲ့မှု non – closure ၊ သရုပ်မှန်နည်းကို ဆန့်ကျင်မှု anti – realist strategies ၊ စသည်ဖြင့်တွေ သုံးစွဲခြင်းအားဖြင့်လည်း ကဗျာ အကျိုးသက်ရောက်မှု poetic effects တွေကို ရရှိစေတာ ဖြစ်တယ်။ (Fink, 1993. Longenbach, 2005)
ထင်ရှားတဲ့ Formalism – structuralism ဆရာတစ်ဦးဖြစ်တဲ့ ယာကွဗ်ဆင်န် Romen Jakobson ဟာ Poeticity ဆိုတဲ့စကားလုံးကိုသုံးခဲ့တာရှိပါတယ်။စကားလုံးတစ်လုံးကို အညွှန်းခံတစ်ခုခုကို ညွှန်းနေတာထက် သူ့ကိုစကားလုံးတစ်လုံးအဖြစ် သိရှိခံစားရတဲ့အခါမှာ Poeticity ဆိုတာရှိပါတယ်။ စကားလုံးတွေရဲ့ ပကတိအရှိတရားကိုညွှန်းခြင်းထက် သူတို့ကိုယ်တိုင်ရဲ့ ဖွဲ့စည်းမှု၊ အဓိပ္ပာယ်၊ ပြင်ပပုံသဏ္ဍန်နဲ့ အတွင်းပုံသဏ္ဍန်တွေဟာ သူတို့ကိုယ်ပိုင်အလေးချိန်နဲ့ တန်ဖိုးတွေရှိလာတဲ့အခါ Poeticity ဆိုတာရှိလာတယ်လို့ ပြောခဲ့ပါတယ်။ ဒီ Poeticity မရှိပဲနဲ့တော့စာသားတစ်ခုခုကို Poetry လို့ပြောလို့ မရဘူးလို့ဆိုပါတယ်။ စကားလုံးနဲ့ ဖွဲ့စည်းထားတဲ့ စာသားတစ်ရပ်မှာ Poeticity သက်ဝင်မှ အဲဒီစာသားကို ကဗျာလို့ ခေါ်ဆိုနိုင်မှာဖြစ်တယ်။ ဘာသာစကားရဲ့ လုပ်ငန်းဆောင်တာ ၆ ရပ်အနက် ကဗျာဆိုင်ရာ လုပ်ငန်းဆောင်တာ Poetic Function ဟာ အခြားလုပ်ငန်းဆောင်တာတွေပေါ် လွှမ်းမိုးကြီးစိုးရင် အဲဒီစာသားကို ကဗျာစာသားလို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကဗျာ(၀ါ) ကဗျာစာသားနဲ့ အခြားစာသားတွေရဲ့ အဓိကွာခြားချက်က ဒီ Poetic Function ရဲ့ လွှမ်းမိုးကြီးစိုးမှု ဖြစ်ပါတယ်။ ယာကွဗ်ဆင်န်ဟာ Poeticity ကို Poetic effect ကဗျာအကျိုးသက်ရောက်မှု ၊ Poetic experience ကဗျာဆိုင်ရာတွေ့ကြုံခံစားမှု၊ aesthetic experience ရသဆိုင်ရာ တွေ့ကြုံခံစားမှုလို့လည်း သုံးတာ တွေ့ရပါတယ်။ ပြင်ပအချင်းအရာတွေ ညွှန်းဖို့ထက် ယင်းကို ယင်းပြုလုပ်ဖွဲ့စည်းထားမှုကို အသားပေး ဖော်ပြနေခြင်း အတိုင်းအဆကိုကြည့်ပြီး Poeticity ကို တိုင်းတာလို့ ရတယ်လို့လည်း ပြောခဲ့ပါတယ်။ (Jakobson, 1987)
နည်းနည်းထူးခြားတဲ့ ဥပမာတစ်ခုကို ယာကွဗ်ဆင်န်ပေးခဲ့ပါတယ်။ ယေဘုယျအားဖြင့် ခြုံငုံပြောရရင် Poeticity ဆိုတာရှုပ်ထွေးနက်နဲတဲ့ (စကားလုံး) အဆောက်အအုံတစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်တယ်။ ဒါပေမယ့် အဆောက်အအုံမှာ ပါရှိတဲ့ အခြေခံပစ္စည်းတွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေခြင်းအားဖြင့် အဆောက်အအုံတစ်ခုလုံးရဲ့ သဘောသဘာဝကို ပြဌာန်းလိုက်တာ ဖြစ်တယ်။ ဆီဟာ သူ့ချည့်သက်သက် ဟင်းလျာမဖြစ်သလို ဖြည့်စွက်စားသောက်ရတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဟင်းလျာရဲ့ အရသာတစ်ခုလုံးကို ဆီက ပြောင်းလဲပေးလိုက်တာဖြစ်တယ်။ ချက်(က်)ဘာသာစကားမှာ ငါးသေတ္တာငါးကို Sardငnka (sardine) လို့ ခေါ်တယ်။ဒါပေမယ့် အဲဒီငါးသေတ္တာငါးကို ဆီနဲ့ လူးသိပ်လိုက်တဲ့အခါ Olejovka လို့တောင် အမည် ပြောင်းလဲသွားတော့တယ်။ မူလငါးသေတ္တာငါးအတိုင်း မဟုတ်တော့ဘူး။ အဲဒီလိုပဲ Poeticity ဟာ စာသားအဆောက်အအုံကို ပြောင်းလဲသွားစေနိုင်တဲ့ သတ္တိရှိတယ်။ စကားလုံးအဆောက်အအုံတစ်ခုမှာ Poeticity ပါဝင်သက်ရောက်မှ ကဗျာလို့ ခေါ်လို့ရမှာ ဖြစ်ပါတယ်။(Fishelov,2003)
အဲဒီတော့ စာသားတစ်ပုဒ်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုထဲမှာ Poeticity ဟာ အစိတ်အပိုင်း တစ်ခုအဖြစ်လည်းပါဝင်၊ တစ်ခုလုံးကိုလည်း ကဗျာအဖြစ်ပြောင်းလဲသွားစေတယ်ဆိုတော့ အဲဒီ Poeticity ဆိုတာပြောနေကြတဲ့ “ကဗျာဓာတ်” ဆိုတာနဲ့ ပတ်များပတ်သက်နေမလား။ Poeticity ကိုမြန်မာလို ‘ကဗျာဓာတ်’ လို့ ခေါ်နိုင်မလား။ ကဗျာဓာတ်ဟာ ဖွဲ့စည်းမှု အဆောက်အအုံထဲမှာရှိပြီး အဲဒီ အဆောက်အအုံကို Poetic ဖြစ်အောင်လုပ်ပြီး အဲဒီအဆောက်အအုံထဲကပဲ ပေါ်ထွက်လာရတာ ဆိုတော့ ကဗျာပုဒ်ကိုဖတ်ပြီးမှ အဲဒီကဗျာပုဒ်ရဲ့ ကဗျာဓာတ်ပါဝင်မှု အတိုင်းအဆကိုကြည့်ရတာဖြစ်မနေဘူးလား။ Formalism သမားတွေက ကဗျာရေးသူ/ဖတ်သူတို့ကိုပယ်ပြီး ကဗျာပုဒ်ပေါ်မှာပဲ အာရုံစိုက် အခြေခံ လေ့လာစူးစမ်းကြသူတွေဖြစ်တဲ့အတွက် ‘ကဗျာဓာတ်’ ဆိုတာ ဖွဲ့စည်းပြုလုပ်မှုထဲမှာ ရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
ဒါပေမယ့် Formalism သမားတွေပြောတာရှိပါသေးတယ်။စာပေပစ္စည်း/ကဗျာပစ္စည်းတွေသုံးတိုင်း စာပေမမြောက်၊ ကဗျာမမြောက်ဘူးဆိုတာ။ ကာရန်သုံးတိုင်းကဗျာမဖြစ်သလို၊ အလင်္ကာတွေ၊ နမိတ်ပုံတွေ သုံးတိုင်း ကဗျာမဖြစ်တဲ့သဘောပါ။ ဒါဘာကြောင့်လည်းဆိုတော့ သုံးဖန်များလို့ မူလကဗျာ အကျိုးသက်ရောက်မှု အာနိသင်တွေ လျော့နည်းသွားတာဖြစ်ပါတယ်။ အဲသလို လျော့နည်းသွားတော့ အနုပညာရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ စိမ်းအောင်ဆန်းအောင် လုပ်ခြင်းဟာလည်း အားယုတ်သွားပါ တော့တယ်။ အဲသလို အားယုတ်သွားတဲ့ စာသားကို ကဗျာလို့ ဘယ်လိုခေါ်နိုင်တော့မလဲ။ ကဗျာပစ္စည်းတွေသာ သုံးစွဲထားပေမယ့် ကဗျာမမြောက်တော့ပါဘူး။ကဗျာရဲ့ အာနိသင် မရှိတော့ပါဘူး။ဒါဟာ နည်းနာတက္ကနိတွေ နဲ့လည်း ပတ်သက်ပါတယ်။ နည်းနာတက္ကနိတွေဟာ ကဗျာအကျိုးအာနိသင် Poetic effect တွေကို ပေးတာမှန်ပေမယ့် စသုံးတဲ့အခါသစ်လွင်ပြီး သုံးဖန်များတော့ ဟုန်လာ၊ အီလာ၊ အစွမ်းအာနိသင်လျော့ရဲလာ၊ လတ်ဆတ်မှုနည်းပါးလာ၊ ကလီရှေးဆန်လာပြီး Poetic မဖြစ်တော့တာတွေနဲ့ ကြုံလာရတတ်ပါတယ်။ ဆိုလိုတာက ဖွဲ့စည်းမှုနည်းနာတက္ကနိတွေ မရှိမဖြစ်လိုအပ်ပေမယ့် ရှိတိုင်း လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ ရသတန်ဖိုးမို့ တက္ကနိသက်သက်နဲ့လည်း မရနိုင်သေးပါဘူး။အဲဒီတော့ ‘ကဗျာဓာတ်’ ဆိုတာ ပုံသဏ္ဍာန် ဖွဲ့စည်းတည်ဆောက်မှု (၀ါ) နည်းနာတက္ကနိတွေသုံးစွဲမှုထဲမှာ ရှိတဲ့အခါရှိပြီး မရှိတဲ့အခါ မရှိတဲ့ သဘောလို့ပဲ ယူရမှာဖြစ်နေပါတယ်။
ဒီနေရာမှာ Literariness စာပေဆန်မှု၊ စာပေမြောက်မှုနဲ့၊ Poeticity တို့အကြောင်း ဆက်စပ် ပြောရပါလိမ့်မယ်။ ဒီအသုံးအနှုန်း၂ ခုစလုံးကို ယာကွဗ်ဆင်န် သုံးစွဲခဲ့တာဖြစ်ပါတယ်။ ၁၉၂၁ က စတင် သုံးစွဲခဲ့တဲ့ Literariness ဟာ စာပေဖြစ်မှုရဲ့ အကြောင်းရင်းခံဖြစ်တဲ့ ဘာသာစကားကို တမူထူးခြားစွာ သုံးစွဲမှုရဲ့ အကျိုးရလာဒ်ဖြစ်ပါတယ်။စာပေကိုစာပေမှန်းသိစေတဲ့ ပစ္စည်း/နည်းတွေ Poetic Language တွေ Poetic Device တွေနဲ့ ပုံသဏ္ဍာန်အဆောက်အအုံ ဖွဲ့စည်းတည်ဆောက်မှုအားဖြင့် စုရုံးထားတဲ့ စာသားကို ခေါ်ဆိုတာဖြစ်ပါတယ်။ စာပေနဲ့စာပေမဟုတ်တဲ့ စာသားတို့ရဲ့ ကွာခြားချက်ဟာလည်း ဒါပါပဲ။ သတင်းဆောင်းပါး၊ဆေးညွှန်း၊ဟောစာတမ်း၊အက်ဆေး၊၀တ္ထုတို၊ ကဗျာစသည်တို့ ကွဲပြားကြရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ဒီအကြောင်းအရင်းတွေကို လေ့လာတာဟာ စာပေသိပ္ပံ ဖြစ်ပါတယ်။ စာပေကိုလေ့လာတာမဟုတ်ဘဲ စာပေဖြစ်မှုကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
Literariness နဲ့  Poeticity တို့ ဟာ တူတာတွေရှိသလို ကွဲပြားခြားနားတာတွေလည်းရှိပါတယ်။ တူတာတွေကတော့ ၂ ခုစလုံးဟာ Formalism ကပြောတဲ့ စံဘာသာစကားကနေ သွေဖည်လာတဲ့ ဘာသာစကားသုံးစွဲမှု (၀ါ) ထူးခြားအောင် သုံးစွဲမှုတို့ ဖြစ်ကြပေမယ့် ကွာခြားတာကတော့ Literariness ဟာစာသား text မှာပါရှိတဲ့ဘာသာစကားသုံးစွဲပုံ နည်းနာတက္ကနိတွေ၊ ကဗျာပစ္စည်းတွေသုံးစွဲပုံကို အခြေပြုတာဖြစ်ပြီး Poeticity ကတော့ရသဖော်ထုတ်မှု aesthetic expression ဘက်က လေ့လာတာ ဖြစ်ပါတယ်။ ဥပမာ၊ ကဗျာပုဒ် ၅ ပုဒ်ကို ယှဉ်လေ့လာရင် ၅ ပုဒ်စလုံးမှာလည်း ပုံသဏ္ဍန် ဖွဲ့စည်းမှုဆိုင်ရာနည်းတွေ သုံးထားပေမယ့် Poeticity ရသခံစားမှုဒီဂရီကျတော့ ကွဲပြားမှာပါ။ တစ်နည်းအားဖြင့်ပြောရရင် အဲဒီရသဒီဂရီကွဲပြားမှုကိုယ်တိုင်က Poeticity ကိုပြနေတာပဲဖြစ်ပါတယ်။ နောက်တစ်ချက်က စာပေအရာမြောက်ခြင်း Literariness သက်သက်ဟာ ကဗျာအကျိုးသက်ရောက်မှု Poetic Effectကို ပေးစွမ်းနိုင်လောက်တဲ့ အနေအထားရှိတယ် ဆိုတာ မသေချာပါဘူး။ စာပေအရာဝင် စာပေသုံးပစ္စည်း/နည်းတွေ သုံးထားပေမယ့် အဲဒီပစ္စည်း/နည်းတွေဟာ စာပေဖြစ်မှုဆီအတိုင်းအတာ အထိ ပံ့ပိုးပေးနိုင်ကောင်းပေးနိုင်ပါတယ်။ဒါပေမယ့် ကဗျာအကျိုးသက်ရောက်မှုနဲ့ ကဗျာဆိုင်ရာ/အနုပညာဆိုင်ရာ တွေ့ကြုံခံစားမှုတွေကို ဧကန်မုချ ပေးလိမ့်မယ်လို့ ယုံကြည်လို့ မရပါဘူး။ (Berrio, 1992. Pilkington, 2000)။
ကဗျာရေးသူနဲ့ စာသားText ကိစ္စပြီးရင် ဖတ်သူ Reader ဘက်လှည့်ရမှာဖြစ်ပါတယ်။ဖတ်သူ ဗဟိုပြု Reader-Response သီအိုရီတွေလည်းရှိပါတယ်။ Jonathan Culler ၊ Stanley Fish၊ Wolfgang Iser ၊ Umberto Eco တို့ စသည်ဖြင့်ရှိကြပါတယ်။ စာသားထက်ဖတ်သူကို ဗဟိုပြု၊ စာသားတွေရဲ့ အနက် အဓိပ္ပာယ်ကို ဖတ်သူက အာရုံစိုက်ဖတ်ရှုမှရရှိတာဖြစ်ပါတယ်။ ဖတ်သူမရှိရင် ဘယ်စာသားမှ သူ့ချည်းသက်သက်အဓိပ္ပာယ်မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဖတ်သူဟာ သူ့ပုဂ္ဂလိကတုန့်ပြန်မှုနဲ့ ဖတ်ရှုတာ ဖြစ်သလို ခေတ်/ယဉ်ကျေးမှုပြဌာန်းခံရမှုနဲ့လည်း ဖတ်ရှုတာဖြစ်ပါတယ်။ အဲဒါကြောင့် ဖတ်ရှုခြင်းမှရတဲ့ ခံစားမှုဟာ သူ့ပုဂ္ဂလိကဘ၀ကလာတာဖြစ်နိုင်သလို ခေတ်/ယဉ်ကျေးမှုရဲ့ ရိုက်သွင်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Bleich (1986) အလိုအရ ဖတ်သူဟာ စာသားတစ်ခုကိုဖတ်တဲ့အခါ စာသားထဲက အကြောင်းအရာတွေ ပုံသဏ္ဍာန်တွေအားဖြင့်ဖတ်သူရဲ့စိတ်ထဲမှာ ခံစားမှုတွေ အမှတ်ရမှုတွေ ချိတ်ဆက်အာရုံတွေ ပေါ်လာကြပါတယ်။ ဒါကို Bleich က Symbolization လို့ခေါ်ပါတယ်။အဲဒီ symbolization ကို အနက်ပြန်တာဟာ resymbolization ဖြစ်ပါတယ်။ စာသားကို ဖတ်ပြီး ဖတ်သူမှာ တွေ့ကြုံခံစားမှုဖြစ်ပွားလို့ အဲဒီတွေ့ကြုံခံစားမှု(၀ါ) စာသားပေါ်တုန့်ပြန်မှုကို အနက်ပြန်တာကို ဆိုလိုတာဖြစ်ပါတယ်။ စာသားပေါ် သုံးသပ်တန်ဖိုးဖြတ်တယ် ဆိုတာ တကယ်တော့ ပကတိစာသားပေါ် မဟုတ်ဘဲ ဖတ်သူရဲ့ symbolization ပေါ် တန်ဖိုးဖြတ်သုံးသပ်တာဖြစ်ပါတယ်။ စာသားအပြင် ဖတ်သူရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ရောနှောနေတဲ့အရာ ဖြစ်ပါတယ်။ Rosenblatt (1978) က စာသားရဲ့ အရေးပါမှုကို မပစ်ပယ်ပါဘူး။သူမဟာ စာသား Text ၊ ဖတ်သူ Reader နဲ့ ကဗျာပုဒ် poem ဆိုတဲ့ အပိုင်း ၃ပိုင်းခွဲပြီး Poem ဆိုတာ ဖတ်သူနဲ့စာသားတို့ရဲ့ ပေါင်းစပ်မှုလို့ ဆိုပါတယ်။ စာသားကို ဖတ်ရင်းမှာပဲ အဓိပ္ပာယ်ပြုလုပ်မှု/အနက်ပြန်မှုတွေ တရစပ် ပြုလုပ်နေရတာဖြစ်ပါတယ်။ ဒီနေရာမှာ စာသားဟာလည်း ရသစာပေ စာသားကိုဆိုလိုတာဖြစ်ပါတယ်။ Iser ပြောခဲ့တာကို ဆက်လိုက်ရရင် စာသားတိုင်းမှာ တိကျတဲ့ အဓိပ္ပာယ်နဲ့  မတိကျတဲ့အဓိပ္ပာယ်ဆိုတဲ့၂ ပိုင်း ပါရှိပါတယ်။ တိကျတဲ့ အဓိပ္ပာယ်က အချက်အလက်တွေ ဖြစ်ပြီး မတိကျတဲ့ အဓိပ္ပာယ်ကတော့ စာသားထဲမှာ မဖြေရှင်းထားတဲ့ ကွက်လပ်တွေ ၊ အဟ တွေဖြစ်ပါတယ်။ ဖတ်သူဟာ အဲဒီကွက်လပ်တွေ ၊ အဟ တွေထဲ ၀င်ရောက်ပြီး အဓိပ္ပာယ်ပြုလုပ်ရတာ ဖြစ်ပါတယ်။ အဲသလို ကိုယ်တိုင်ပါဝင် အဓိပ္ပာယ်ပြုလုပ်ရတဲ့အတွက် ရရှိတဲ့စိတ်ခံစားမှုဟာ ဖတ်သူရဲ့ ရသတွေ့ကြုံခံစားမှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖတ်သူတိုင်းလို့ မဆိုလိုပဲ ဖတ်သူရဲ့ဖတ်မှုအတွေ့အကြုံတွေ၊ နောက်ခံသိမှုတွေနဲ့လည်း ဆိုင်ပါသေးတယ်။ ဥပမာ၊ စာပေအနုပညာဌာနမှာ လာတက်ရောက်ကြတဲ့ ကျောင်းသားသစ်တွေနဲ့ အဲဒီဌာနရဲ့ ဘွဲ့ရ၊ ဘွဲ့လွန်ကျောင်းသားတွေနဲ့ ယှဉ်ကြည့်လို့ ရပါတယ်။ ရသတွေ့ကြုံခံစားမှုကို ကျောင်းသားသစ်တွေထက် ဘွဲ့ရ၊ဘွဲ့လွန်ကျောင်းသားတွေက ပိုမိုရရှိနိုင်တာ တွေ့ရပါတယ်။ Poeticity ကိုလည်း ပိုမိုတွေ့ကြုံခံစားကြတာ ဖြစ်ပါတယ်။ဒီဖတ်သူ ရှုထောင့်အရဆိုရင် ကဗျာတွေ့ကြုံခံစားမှုဟာ ဖတ်သူဆီမှာ ဖြစ်တာဖြစ်ပါတယ်။ ဖတ်သူဟာ ဖတ်မှုဖြစ်စဉ်ကနေ ကဗျာဓာတ်ကို တွေ့ရှိခံစားရရှိတာများဖြစ်နေမလား ။
၁၉၇၀ ခုနှစ်တွေမှာ Cognitive Poetics ဆိုတာ ပေါ်လာခဲ့ပါတယ်။ စာပေအနက်ပြန် ဖတ်ရှုရာမှာ နည်းအဖြစ် သုံးစွဲလာကြ ပါတယ်။ တစ်ဘက်မှာ Formalism ရဲ့ စာသားဗဟိုပြုကို မပစ်ပယ်သလို အခြားတစ်ဖက်မှာလည်း ဖတ်သူဗဟိုပြုချက်ကို ဆက်ဆွဲယူပါတယ်။ ဖတ်သူ ဗဟိုပြုချက်နဲ့ ဘာကွာသွားသလဲဆိုတော့ ဖတ်သူရဲ့စာသားပေါ် တုန့်ပြန်မှုကိစ္စတွေကို cognition ဥာဏ်သိမှု ဆောင်ရွက်မှုဖြစ်စဉ် တို့နဲ့ဖော်ပြဖို့ ကြိုးစားတာဖြစ်ပါတယ်။ စာသားကို ဖတ်သူက ဖတ်ရှုရာမှာ စာသားရဲ့ ဘာသာစကား ဖွဲ့စည်းတည်ဆောက်မှုပေါ် ဖတ်သူရဲ့ဥာဏ်သိမှု ဖြစ်စဉ် Mental Process နဲ့ ချဉ်းကပ်တာ ဖြစ်ပါတယ်။Formalism ရဲ့ စာသားဗဟိုပြုချက်က စပေမယ့် ပုံသဏ္ဍာန်ဝါဒရဲ့ ဘာသာစကားဖွဲ့စည်းမှု သက်သက်နဲ့ အဓိပ္ပါယ်ပြု အနက်ပြန်ဖို့ မလုံလောက် ပဲ ဖတ်သူရဲ့ ဖတ်မှုဖြစ်စဉ်နဲ့ အဲဒီဖြစ်စဉ်အတွင်း ဥာဏ်ရဲ့ အလုပ်လုပ်ပုံ တွေပါ ထည့်သွင်းဖော်ထုတ်ပြတာ ဖြစ်ပါတယ်။ mental spaces ဥာဏ်သိမှုထဲက စပေစ့်တွေ၊ knowledge net သညာကွန်ယက်၊ text world theory စာသားလောက သီအိုရီ၊ mental representations စိတ်ထဲ တည်ဆောက်ထားတဲ့ သတ်မှတ်ချက် သညာတွေ၊ စတဲ့ concept တွေနဲ့ စာပေ၊ ကဗျာ စာသားနဲ့ ဖတ်ရှုမှုကို ချဉ်းကပ်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖတ်သူရဲ့ ဥာဏ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို အလေးထား လက်ခံထားတဲ့ ‘ဂမ္ဘီရ’ ဆန်တဲ့ ၊ ‘မှော်’ ဆန်တဲ့ စိတ်ကူးဖြန့်ကျက်မှု၊ ဖန်တီးမှုဖြစ်စဉ်၊ ကဗျာ တွေ့ကြုံခံစားမှု၊ စသည်တို့ကို ဥာဏ်သိမှုနဲ့ ဖြေရှင်းဖော်ပြဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ‘ကဗျာဓါတ်’ ကို ဥာဏ်သိမှုရဲ့ လုပ်ဆောင်ချက်ရဲ့ အကျိုးဆက်လို့ သတ်မှတ်တဲ့သဘော ဖြစ်ပါတယ်။ (Tsur, 1992, Stockwell, 2002)။
Cognitive Poectics ရှုထောင့်ကနေ James Joyce ရဲ့ ‘The Dead’ ၀ထ္ထုတို၊ Baudelaire ရဲ့ Spleen စကားပြေကဗျာနဲ့ Yehuda Amichai ရဲ့ စကားပြေနဲ့ ကဗျာရောရေးထားတဲ့ စာသားတွေကို ချဉ်းကပ်သူ Fishelov က ‘Poeticity ဟာ စာသားဆိုင်ရာ လက္ခဏာတွေဖြစ်ကြတဲ့ အပြိုင်စနစ်ပုံစံတွေနဲ့/ သို့မဟုတ် အတ္ထဗေဒဆိုင်ရာ ၀ိရောဓိတွေနဲ့ အာရုံစိုက်ဖတ်ရှုတတ်တဲ့ စာဖတ်သူရဲ့ စိတ်ထဲ ဆုံစည်းကြတဲ့ နေရာ’ လို့ ဆိုပါတယ်။ ‘place’ လို့ သုံးပါတယ်။ စကားလုံး အစဉ်အတန်း တစ်ခုကို ကဗျာရောင်ဝါ လက္ခဏာ poetic aura (၀ါ) သတ္တိ ကို ပေးစွမ်းတဲ့ ရှုပ်ထွေး နက်နဲတဲ့ ဖြစ်စဉ်လို့လည်း ဆိုပါတယ်။ Poeticity ကို အဓိပ္ပါယ် တိတိကျကျ ဖွင့်ဆိုဖို့ ခက်ပေမယ့် ကဗျာစာသားတွေကို ချဉ်းကပ်လေ့လာရာမှာ အသုံးဝင်တဲ့ အသုံးအနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ စာသားထဲမှာ စာသားဖွဲ့စည်းမှုဆိုင်ရာ အရေးအသွေးအချို့ မပါရှိရင် ဖတ်သူအတွက် အဲဒီစာသားရဲ့ poeticitiy ကို တွေ့ကြုံခံစားဖို့ ခက်ခဲမှာဖြစ်ပြီး အာရုံစိုက်ဖတ်ရှုသူ မဟုတ်ရင် စာသားရဲ့ poeticity ဟာလည်း အလဟဿ ဖြစ်သွားနိုင်ပါတယ်။ Fishelov အလိုအရ ကတော့ စာသားထဲက အကြောင်းအရာနဲ့ ပုံသဏ္ဍာန်တွေဟာ အာရုံစိုက် ဖတ်ရှုသူရဲ့ မှတ်ဥာဏ်၊ မသိစိတ်၊ စတဲ့ စိတ်ရဲ့ နက်ရှိုင်းတဲ့ အဆင့်အလွှာတွေမှာ ရှိတဲ့ ပိုမိုနက်ရှိုင်းတဲ့ အတ္ထဗေဒ အဆင့်တွေနဲ့ ချိတ်ဆက်မိမှ poeticity ဟာ နိုးထ၊ နိုးကြွလာတာ ဖြစ်ပါတယ်။ ဖတ်သူရဲ့ သိမှုသညာထဲ လက်ခံထားတဲ့ ဒွိတွဲလုံး binary opposition တွေ၊ ဥပမာ၊ ရှင်ခြင်းနဲ့သေခြင်း၊ မှန်ခြင်းနဲ့ မှားခြင်း၊ ကောင်းခြင်းနဲ့ ဆိုးခြင်း စတာတွေကို လှုပ်ခတ်လှုပ်ခါဖို့ စာသားဖွဲ့စည်းမှုမှာ နည်းနာ တက္ကနိတွေ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ၊ နည်းနာ တက္ကနိ သက်သက်နဲ့ poeticity ကို မရရှိနိုင်တာ၊ စိတ်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေကို ထိတွေ့စေနိုင်မှ ရရှိနိုင်တာလို့လည်း ဆိုပါတယ်။ နည်းနာ တက္ကနိတွေကို အပေါ်ယံသုံးရုံနဲ့ ကဗျာပုဒ် ဖြစ်ရင်ဖြစ်မယ်၊ poeticity ပိုင်းမှာတော့ အားရှိချင်မှ ရှိမှာ ဖြစ်ပါတယ်။ ဘ၀ရဲ့ ၀ိရောဓိတွေအထိ သက်ရောက်နိုင်လေ၊ poeticity ဟာ စွမ်းအားကြီးလေ ဖြစ်ပါတယ်။ (Fishelo, 2003)။
ကဗျာဓါတ်
(ဇေယျာလင်း)
ယခင်ပို့စ်မှအဆက် ၅
နိဂုံးချုပ်ပါမယ်။ ဒီစာသားကို ‘ကဗျာဓါတ်’ လို့ ကျွန်တော် အမည်ပေးရခြင်းမှာ ဒီ ‘ကဗျာဓါတ်’ ဆိုတဲ့ အဓိပ္ပါယ်နဲ့ သဘောသဘာဝကို အနောက်တိုင်း စာပေသီအိုရီတွေကနေ ရှာဖွေ လေ့လာကြည့်တာ ဖြစ်ပါတယ်။ ‘ကဗျာဓါတ်’ လို့ တိုက်ရိုက် အဓိပ္ပါယ် လှယ်နိုင်တဲ့ အင်္ဂလိပ်စကားလုံးကို မတွေ့ရပေမယ့် poeticity ၊ poetic effect ၊ poetic experience ၊ poetic thought ၊ aesthetic experience တို့ကို တွေ့ရှိရပါတယ်။ ‘မှော်အပိုင်း’ ၊ ‘ဈာန်ဝင်စားမှု’ အပိုင်းတွေဖြစ်တဲ့ magic တို့ inspiration တို့ကို တွေ့ရှိ ရသလို စိတ်ရဲ့ ဖြစ်စဉ်ခပ်သိမ်းကို ဥာဏ်သိမှုဖြစ်စဉ်လို့ ယူဆတဲ့ cognitive psychology/cognitive poetics တို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ လေ့လာဖတ်ရှုမှုတွေထဲမှာ မှော် ‘ကဗျာဓါတ်’ ဆိုတာ ရေးသူဆီမှာ ရှိတယ်။ ရေးသူ ဆီမှာ မြစ်ဖျားခံတယ်။ စာသားရဲ့ ရေးသား ဖွဲ့စည်း ပြုလုပ်မှု ထဲမှာလည်း ရှိတယ်။ ဒါဟာလည်း တနည်းအားဖြင့် ရေးသူနဲ့ ပတ်သက်စပ်ယှက်နေပါတယ်။ ပြီး၊ ဖတ်သူမှာလည်း ရှိပါတယ်။ ဖတ်သူ ရှုထောင့်က ကြည့်ရင် ရေးသူရဲ့ ‘ကဗျာဓါတ်’ ကို စာသားထဲမှာ တွေ့ရှိရပြီး စာသားမှတဆင့် ဖတ်သူက ပြုလုပ် ရရှိ ခံစား တွေ့ကြုံ ရတာဖြစ်တယ်လို့ ကျွန်တော် ကောက်ချက်ဆွဲပါတယ်။ ပိုမို တိကျ ပြည့်စုံ မှန်ကန် ဖို့ရယ်၊ ကျွန်တော့် အားနည်းချက်တွေ ထောက်ပြ ဖြည့်စွက် ဖို့ရယ်အတွက် ဆက်လက် စူးစမ်း ရှာဖွေ ဖော်ထုတ်မယ့်သူတွေကို မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ဇေယျာလင်း
Sunday, 4 March, 2018
စာပေဗိမာန်ခန်းမ။
စာကိုး ။ ။
၁။ ဇော်မင်းဦး ။ ‘အလင်္ကာကျမ်းမိတ်ဆက်’။ နှင်းဆီဖြူဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၂)၊ မတ် ၂၀၁၇။
၂။ ဇေယျာလင်း ။ ‘ကဗျာဘာသာစကား’ ။ ၂၀၁၇ ကမ္ဘာ့ကဗျာနေ့၊ ကဗျာဆရာများ သမဂ္ဂ စာတမ်း။
References
1. Bartling, Scott. ‘Beyond Language: Viktor Shklovsky, Estrangement, and the Search for Meaning in Art’. Dissertation. 2015.
2. Berrio, Antonio Garcia. ‘A Theory of the Literary Text’. 1992.
3. Bleich, David. ‘Subjective Criticism’. 1986
4. Fink, Thomas. ‘The Poetry of David Shapiro’. 1993
5. Fishelov, David. ‘Poetry and Poeticity in James Joyce’s “The Dead’,
Baudelaire’s ‘Le Spleen de Paris’, and Yehuda Amichai. 2003.
6. Forrest – Thomson, Veronica. ‘Poetic Artifice: A Theory of Twentieth - Century Poetry’. 1978.
7. Fuentes – Calle, Alicia. ‘Poetic Effects of Language Theories’ in Oxford Artistic and Practice Based Research Platform, Issue 2. 2017.
8. Isernhagen, Hartwig. ‘Strangeness – measure of poeticity?’ in Swiss Papers in English Language and Literature. 1985.
9. Jakobson, Roman. ‘What is Poetry?’ in Language and Literature (ed.) Krystyna Pomorska & Stephen Rudy. 1987.
10. Jakobson, Roman. ‘Linguistics and Poetics’.
11. Jakobson, Roman. ‘From L

Comments
Post a Comment