မိုရာ ( Mora )
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
လက်ဖဝါးနဲ့ အနံ့ခံကြည့်
ဘိုလစ်ဗီးယားမြို့ငယ်လေးရဲ့ ရနံ့ကို ရမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
ချိန်ဆကြည့်
ကင်မရွန်းမြို့တစ်မြို့ရဲ့ အလေးချိန်ကို ရမယ်။
မင်းခေါင်းပေါ် ခုရွာနေတဲ့ မိုးစက်ကို
ပန်းကန်ပြားတစ်ချပ်မှာ ထည့်
ဖယောင်းတိုင်အသေးသုံးတိုင် ထွန်းစိုက်လိုက်
ကော်စတာရီကာက နယ်တစ်နယ်ဟာ ထူးထူးကဲကဲလင်းထိန်သွားမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
မော့သောက်ပစ်
ဆိုက်ပရပ်စ်က ရွာလေးတစ်ရွာ မင်းသွေးကြောထဲ စိမ့်ဝင်သွားမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
မျက်စဉ်းခတ်လိုက်
အိန္ဒိယ၊ မွန်ဘိုင်းနားက ဆိပ်ကမ်းဘောတံတားဆီ
မင်းယောင်ချာချာဖြစ်ပြီး ရောက်သွားမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
ဒိုင်ယာရီထဲ ကြဲပက်လိုက်
ပေါ်တူဂီက မြူနီစပယ်နယ်တစ်နယ် မင်းအိမ်ထဲ
ပေါက်ရောက်ရှင်သန်လာမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
ဟော်လိုဂစ်တာတစ်လက်ဆီ လှမ်းပစ်ချ
ဂစ်တာထဲက စပိန်မြို့တစ်မြို့ရဲ့ ဂီတသံထွက်လာမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
ရေခဲသေတ္တာအပေါ်အံထဲ ထည့်ပိတ်
ဆွီဒင်က မြူနီစပယ်နယ်တစ်နယ်မှာ ရုတ်တရက်နှင်းတွေကျသွားမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
ဒစ်ရှင်နရီနဲ့ ဖိခြေပစ်
ပြန်လှန်ကြည့်တဲ့အခါ မိုးစက်ဟာ
အီတလီနဲ့စပိန်ဘာသာလို
ဘလက်ဘယ်ရီဖြစ်သွားမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
သွေးတစ်စက်နဲ့ ရောနှောကြည့်
၁၈၄၇ အမေရိကန်နဲ့ မက်ဆီကန် ပထမဆုံးစစ်ပွဲထဲ မင်းအသက်လုပြေးရမယ်။
မင်းခေါင်းပေါ် အခုရွာနေတဲ့ မိုးစက်ကို
မင်းစားပွဲတင်ပန်းအိုးလေးထဲ လောင်းသွန်လိုက်
၂၀၁၇။ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း
ဆိုက်ကလုံးမုန်တိုင်းရာသီရဲ့
ပထမဆုံးဖြစ်လာမယ့် မုန်တိုင်းငယ်ဟာ
မင်းမျက်စိရှေ့မှာ ဖူးပွင့်လာမယ်။
လွန်းဆက်နိုးမြတ်
#ဝန်ခံချက်-ဒေါက်တာရန်မျိုးသိမ်းရဲ့ မိုရာ ( Mora)ဆိုတဲ့အမည်ကို ၀ီကီပီးဒီးရားမှာ ရှာကြည့်ပြီး ထွက်ပေါ်လာတဲ့ အချက်အလက်များကို အခြေခံရေးသားပါတယ်။
(ဆရာလွန်းဆက်နိုးမြတ်၏facebook မှcopy ယူလာပါသည်)

Comments
Post a Comment