သေ တမ်း  စာ
===========

1…
လက်ခေါက်မှုတ်တတ်တဲ့နတ်ဘုရားမ လို ပါပဲ
ဘယ်ဝဋ်ကြွေးနဲ့မှ နေရာမဆံ့တာ မဆန်းပါဘူး။

2…
မညီ ညီအောင် ညှိနေရတဲ့ ကြိုးတွေကြား
နံပါတ် တစ်ကြိုးဟာလည်း မကြာမကြာပြတ်တယ်။

3…
ကော်ဖီအဝါရောင်တွေ ပြန်ပြန်အန်တတ်တဲ့ညခင်းတွေ
အဖြူအမဲ ရုပ်ရှင်ကားတွေ…ထဲ
မဲ့ခွက်ခွက်လေး ပြုံးပြတတ်တဲ့ ကံတရားတွေကြောင့်
သို့လော  သို့လော နဲ့
အသည်းကွဲရတာလည်း social ကျတာပါပဲ…။

4…
မင်းလက်ထဲ ထိုးထည့်ပေးလိုက်တဲ့စက္ကူ ပါးကလေးမှာ
ငါ့နာရေးသတင်းပါတယ်…
မဆုံ ဆုံအောင် စောင့်နေပါ့မယ်လို့လည်းရေးထားတယ်
ငါမရှိတဲ့အခါ ပျော်ပျော်နေပါလို့ အကြံပေးထားတယ်
အိမ်ရှေ့ကခွေးကလေးအူတိုင်း ငါ ရောက်နေတယ်လို့
မင်းတွေးစေချင်တာ…။

5…
ငါ့အုတ်ဂူကို ဆေးအပြာရောင်သုတ်ပါ…
ဘေးပတ်လည်မှာ သစ်ပင်စိုက်ပါ…
အနံ့ပြင်းပြင်း ပန်းပွင့် တွေ မထားမိဖို့ကအစ
သူငယ်ချင်းတွေကို မှာထားသေးတယ်…
မတော်တဆများ မင်းရောက်လာရင်
မင်းမကြိုက်မှာစိုးလို့လေ…။

6……
မင်းဖတ်နေကျ ကဗျာစာအုပ်တွေဝယ်ထားပေးတယ်
မင်းရွတ်ချင်တဲ့ တစ်ချို့ကို ရွေးထားပေးတယ်
မင်းကြိုက်တဲ့ ကဗျာဆရာတွေကို ငါစောင့်ရှောက်
ပေးတယ်…
တကယ်လို့များ သူတို့သေခဲ့ရင် မင်းဝမ်းနည်းနေမှာ
စိုးရိမ်လို့ပါ။

7…
ခြေထိုးတတ်တဲ့ လူတွေကိုရှောင်ပါ
ရက်စက်တတ်တဲ့ အပြုံးတွေကိုရှောင်ပါ
ဝမ်းနည်းစရာအတိတ်တွေကိုလွှင့်ပစ်ထားပါ…
မင်းကချူချာတယ်…
မင်းက မျက်ရည်လွယ်တယ်…
မင်းက အယုံလွယ်တယ်…
လူညစ်တွေကြားမှာ မင်းကိုတော့
ချေးညှော် ကင်းစေချင်တာ…

8…
အသွားအလာသတိထားပါ…
အနေအထိုင်ဂရုစိုက်ပါ…
ဘုရားများများရှိခိုးပါ…
စိတ်လိုလက်ရရှိတဲ့အခါ ငါ့ကိုလွမ်းပါ…
မျှော်လင့်ချက်နည်းနည်းနဲ့
မနက်ခင်းတိုင်းကို နိုးထပါ…

9…
တစ်ခါတရံတော့
ငါ မကျွတ်မလွတ်သေးတဲ့အကြောင်း မင်းကို
အိပ်မက်မက်စေချင်တယ်။
………………                         

                                                ဟေသာ
………………

Comments

Popular Posts