ကြွေလွင့်ခဲ့သော
ဘာကြောင့်များ ဒီအသက်ဒီခန္ဓာ မြဲမြံစွာမမွေးမြူချင်တော့တာလဲ မိစန္ဒာ ။ ဒီကမ္ဘာဟာနင့်ဘက်ကိုပိုတိမ်းစောင်းနေခဲ့လို့များလား။ယုံမှားသံသယစိတ်ဆိုတာကလည်းခြောက်အိပ်မက်တွေလိုပါပဲ မသေချာမရေရာပေမဲ့ ကြောက်လန့်စိတ်ကိုအားကြီးစေတတ်တာပဲလေ ။ နင့်ရဲ့အသက်မဲ့နေတဲ့ဒီခန္ဓာကြီးကိုကြည့်ရင်း လူတွေရွဲ့တဖက်စောင်းနင်းစိတ်တွေကိုငါတွေ့လိုက်တယ် ။ နင်ရောက်ရာဘုံဘဝမှာအဖြစ်ဆိုးတွေမကြုံပါရစေနဲ့လို့ နောက်ဆုံးဆုကိုတောင်းသွားမှာပေါ့ ။ ဆုတောင်းသင့်ပါတယ် မိစန္ဒာ ကျင်လည်ရာလူ့လောကမှာ အရာတိုင်းတရားမျှတမှုမရှိနိုင်ဘူးမဟုတ်လား ။ မြေနိမ့်ရာလှံစိုက်ချင်နေကြတဲ့သူတွေကြားမှာ နင်ဘယ်လောက်တောင်ရုန်းကန်ခဲ့ရလဲ ။ တွေးကြည့်စရာတောင်မလိုပါဘူးကွယ် ။ တကယ်ဆို ဘဝကထင်သလောက်မခက်ခဲပါဘူး ရေအစုန်မှာ လှေကြုံလိုက်ချင်တဲ့စိတ်ကလေးကြောင့် နင်ဘဝရော ခန္ဓာပါဆုံးခဲ့ရတာလေ ။ နင်ရဲ့အတိတ်တွေဟာ လှပခဲ့ဖူးပါတယ် မိစန္ဒာ ။ ဟိုတချိန်ကဆိုနင်ဟာ အလှမျိုးစုံဆင့်တဲ့ ပန်းကလေးတပွင့်ဖြစ်ခဲ့တာပဲ ။
နင့်အနားမှာ လိပ်ပြာလိုလူတွေ ပျားပိတုန်းလိုလူတွေဝန်းရံခနေချိန် နင်ဟာငယ်မူငယ်သွေးတွေနဲ့ အလှမာန်ဝင့်ထည်ခဲ့တာပဲ မဟုတ်ဘူးလား ။ ငါမှတ်မိနေသေးတယ် မိစန္ဒာ ။ နင်နဲ့ငါအမှတ်မထင်ပြန်လည်ဆုံတွေ့ချိန်မှာပေါ့ နင်ဟာအရာရာကို အနိုင်ရနေတဲ့အောင်နိုင်သူကြီးတယောက်ရဲ့မျက်နှာမျိုးနဲ့လေ ။ နင့်မိသားစု နင့်ရဲ့ဘဝဟာ အစစအရာရာပြည့်စုံနေခဲ့ပြီလို့နင်ထင်ကောင်းထင်နေမှာပါ ။ထင်လည်းထင်သင့်ပါတယ် မိစန္ဒာ ။
ငါတို့ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက အတူကြီးပြင်းရှင်သန်လာခဲ့ကြတာဆိုတော့ နင့်စိတ်ကိုဖတ်နိုင်ဆုံး နားလည်နိုင်ဆုံးကငါပါ ။ ဒါပေမဲ့ နင့်အလှကိုနင်မာန်တက်နေချိန်ကစလို့ နင်နဲ့ငါကသူစိမ်းပြင်ပြင်ဖြစ်ခဲ့ကြတယ် ။ ငါဝမ်းမြောက်ဝမ်းသာ နင့်အတွက်ဂုဏ်ယူနေခဲ့တာပါ ။ အခုကြည့်စမ်း နင့်ရဲ့အလှမဲ့နေတဲ့ဒီခန္ဒာကြီးကို ဘယ်သူတွေကတယုတယ ချစ်ခင်နှစ်သက်နေကြသလဲ ။ တချိန်က နင်သာမရှိရင် ဘဝမရှိနိုင်ဘူးလို့ပြောခဲ့တဲ့သူတွေ
နင့်သတင်းကြားလိုက်ချိန်မှာ သူတို့နဲ့မဆိုင်သလို ဟန်ပြစာနာခြင်းတွေစုပ်တသပ်သပ်နဲ့ပေါ့ ။ နင့်အတွက်ငါ မငိုဘူးမိစန္ဒာ ။ ဘဝဆိုတာထင်သလောက်မခက်သလို ထင်သလောက်လည်းလွယ်မှမလွယ်တာ ။ငါ ကောင်းမှုကုသိုလ်ပြုတိုင်း နင့်အတွက်အမျှဝေပါတယ် နင်ရောက်ရာဘဝ သာဓုခေါ်နိုင်ပါစေ မိစန္ဒာရေ ။ နင့်ရဲ့နောက်ဆုံးအချိန်အထိ နင်တပ်မက်ခဲ့တဲ့အရာတွေက နင့်ကိုဒုက္ခဖြစ်စေခဲ့တယ်ဆိုတာ နင်သိသွားခဲ့ရဲ့လား ။ သံသရာဆိုတာ ရှည်တတ်တာမျိုးဆိုပေမဲ့တခန်းရပ်ဇာတ်သိမ်း နိုင်အောင်ကြိုးစားရမှာပါ ဒါကလည်း လောကမှာကျင်နေသမျှသံသရာမှာဝဲလှည့်နေကြရမှာပဲ ပေါ့။ မိစန္ဒာရေ နင်ကြုံတွေ့တွေ့ခဲ့သမျှ
ဒုက္ခတွေ ဒီမှာပဲတခန်းရပ်ပါစေတော့ ။ နောက်ဆုံးစကားတခွန်းတော့မှာလိုက်ပါရစေမိစန္ဒာ ငါ့ရင်ထဲမှာ နင့်ဆန္ဒမပါပဲ နင့်နာမည်ကိုရေရွတ်တမ်းတနေမိဦးမှာပါ ။
မိစန္ဒာရေ ငါဟာအတိတ်ထဲမှာပျော်ဝင်နေထိုင်ဖို့ အခွင့်မရှိဘူး ။ ဒါကြောင့်မို့အတိတ်တွေကိုပြန်လည်တူးဆွမနေတော့ပါဘူလေ ။ နင်ဟာလွတ်မြောက်ရာဘုံကိုထွက်ပြေးလွတ်လပ်သွားတဲ့နောက် နင့်နာမည်ကိုငါမေ့လိုက်ချင်ပါတယ် ဒါပေမဲ့ သံယောဇဉ်ဆိုတာက ဖြတ်ရခက်သားဟ ။
နင် နောက်ဆုံးမြင်ချင်ခဲ့တဲ့ တဦးတည်းသောသက်ရှိဟာ ဘယ်သူများဖြစ်နိုင်မလဲ မိစန္ဒာ ။ ငါသိခွင့်မရှိပေမဲ့ ငါများဖြစ်နေမလားဆိုတဲ့ မျှော်လင့်ချက်တစုံတရာတော့ထားခဲ့မိတာပါပဲ မသေချာမရေရာပါပဲ မိစန္ဒာ ။ ဟိုးကောင်းကင်ကြီးထဲမှာတိမ်တွေမျောလွင့်နေကြတယ် ။ နင်ကောတိမ်တွေနဲ့အတူမျောလွင့်ပျံသန်းနေမလားလို့ငါတွေးမိပါရဲ့ ။ငါတို့ကလေးဘဝတုန်းက တပြန့်တပြောမြက်ခင်းပြင်ကြီထဲပြေးဆော့ရင်းကောင်းကင်ကြီးကိုမော့ကြည့်ပြီးနင်ပြောခဲ့ဖူးတာငါအခုထိသတိယနေတုန်းပဲ မိစန္ဒာ ။ ငါတိမ်တွေလိုအဆုံးအစမရှိလွင့်မျောပျံသန်းသွားချင်တယ်ဟာ တဲ့ ။
အခုနင်တိမ်တွေကြားမှာ ပျော်နေပြီမဟုတ်လား ။ တိမ်တွေပြာတဲ့နေ့တိုင်း နင့်ဘဝငြိမ်းချမ်းပါစေလို့ ငါအမြဲတမ်းဆုတောင်းလျက်ပါ မိစန္ဒာ ။ ။
အဇ္ဇ
Comments
Post a Comment